- Pite Pite
နှစ်သစ်မှာ အိမ်လေးပိုင်အောင် ကြိုးစားမယ်
Updated: May 10, 2021

သူငယ်ချင်းတို့ရေ ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်တောင် ရောက်တော့မယ်နော်။
နှစ်တစ်နှစ်ရဲ့အစပိုင်းမှာ ကိုယ့်အတွက် အလိုအပ်ဆုံးဖြစ်မယ့် ရည်မှန်းချက်လေးတစ်ခုခု သတ်မှတ်ထားပြီး ပိုက်ဆံစုမယ်ဆိုရင် အဲ့ဒီနှစ်ကုန်တဲ့အခါ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာမှာပါ။
ကဲ နှစ်သစ်အတွက် စီစဥ်ထားတဲ့ ဖူးဖူးရဲ့ပလန်ကို လေ့လာကြည့်လိုက်ကြရအောင်။
ဖူးဖူးကတော့ ငွေအမြဲစုတတ်တဲ့သူပါ။ ဒါပေမယ့် ဒီနှစ်ကတော့ ကိုဗစ်ဝင်မွှေတာနဲ့ စုဆောင်းထားတာလေးတွေ ပါကုန်တယ်။ ထမင်းဆိုင်ကလည်း လူမလာတော့ ပိတ်ထားရတယ်။ ဝင်ငွေတော်တော်လေး ထိခိုက်တယ်။
ဒါတောင် ဖူးဖူးတို့မှာ မိသားစုသုံးယောက်ပဲရှိလို့ပေါ့။ သားလေးကလည်း ငယ်သေးတော့ ကျောင်းစရိတ်သိပ်မကုန်သေးဘူး။
သားလေးဖေဖေက စက်ရုံမှာ လုံခြုံရေးလုပ်တယ်။ အလုပ်က ဆင်းလိုက်၊ နားလိုက်ဆိုတော့ လစာတောင် အပြည့်မရပါဘူး။ ဒါပေမယ့် အလုပ်လုပ်နေရသေးတာကိုက ကံကောင်းတယ်လို့ ပြောလို့ရသေးတယ်။
သူ့လစာလေးနဲ့ လောက်ငအောင် ချွေတာစားသောက်ပြီး ကိုဗစ်ကာလကို ဖြတ်သန်းခဲ့ရတယ်။
အခုတော့ ဖူးဖူး ထမင်းဆိုင်လေးပြန်ဖွင့်လိုက်ပါပြီ။ ရောင်းရတယ်လို့တော့မဟုတ်ပေမယ့် ဆိုင်ပိတ်ထားတာထက်စာရင် တော်သေးတယ်လို့ ပြောရမယ်။
ဒီကာလမှာ အိမ်ငှားခပေးရတာလည်း တော်တော်ကြီး အခက်အခဲဖြစ်တယ်။ အိမ်ရှင်က ကိုဗစ်ကာလမို့ လျှော့ပေးလို့ တော်သေးတယ်။ နောက်နှစ်မှာတော့ အရစ်ကျပဲဖြစ်ဖြစ် အိမ်ပိုင်ရအောင်လုပ်ဖို့ ဖူးဖူး ရည်မှန်းထားလိုက်တယ်။
ဒီအတွက် ပိုက်ဆံစုတဲ့အခါ နည်းစနစ်ကျကျ စုတတ်ဖို့တော့ လိုတာပေါ့။
အခက်အခဲတွေရှိပေမယ့် အိမ်ပိုင်လေးရချင်တော့ ကြိုစားရမယ်လေ။
အရင်က ဖူးဖူးရဲ့ ထမင်းဆိုင်လေးက တစ်လဝင်ငွေ သုံးလေးသိန်းလောက်ရှိတယ်။
ဒါပေမယ့် အခုလို ကိုဗစ်ကာလမှာတော့ ရောင်းအားကျသွားတယ်။
ဒါပေမယ့် ဖူးဖူးကတော့ အားမလျှော့ခဲ့ပါဘူး။ ရယ်ဒီမိတ် ထမင်းဗူးလေးတွေလုပ်ပြီး အွန်လိုင်းမှာ ရောင်းတယ်။
နောက်ပြီးတော့ ကိုဗစ်ကွာရန်တင်းစင်တာတွေလည်း ထမင်းဗူးပို့ရတယ်။
မလှူတတ်ရင် စျေးရောင်းဆိုသလိုပေါ့။ ဖူးဖူးက ထမင်းဗူးလေးတွေကို စေတနာပါပါလေးနဲ့ ကောင်းကောင်းလေးလုပ်တယ်။ နောက်ပြီး ကွာရန်တင်းစင်တာတွေက ထမင်းဗူး ဆယ်ဗူးမှာရင် သုံးဗူးလောက်ကို လှူလိုက်တယ်။ ဒီလိုပဲ ကြံဖန်ကုသိုလ်ယူရတာပေါ့။ ပစ္စည်းပို့ရင်တော့ ကိုယ်တိုင်သွားနိုင်တဲ့နေရာကို ကိုယ်တိုင်သွား၊ မသွားနိုင်တဲ့နေရာကိုတော့ Delivery ကိုအပ်ပေါ့။
ရလာတဲ့ငွေတွေကို ဘဏ်အကောင့်တစ်ခု သီးသန့်ဖွင့်ပြီး စုထားတယ်။ အိမ်ဝယ်ဖို့အတွက်ရည်စူးပြီးတော့ပေါ့။
အိမ်စရိတ်နဲ့ စုငွေ ဒါတွေကို ဟန်ချက်ညီညီ စုဆောင်းနိုင်ဖို့ ဖူးဖူးက ဒီလိုလေးတွေ ပလန်ချထားတယ်။
နေ့စဥ်မှတ်တမ်းစာအုပ်လေး တစ်အုပ်ထားလိုက်တယ်။ အဲ့ဒီမှာ တစ်လချင်းစီအလိုက် မှတ်တမ်းလေးတွေ လုပ်ထားတယ်။ ဝင်ငွေ၊ အထွေထွေအသုံးစရိတ်၊ မဖြစ်မနေ အသုံးစရိတ်၊ စုငွေဆိုပြီး ခေါင်းစဥ်လေးခု ရေးထားလိုက်တယ်။
အဲ့လိုလေးတွေရေးထားပြီးရင် လအလိုက် ကိုယ်သုံးလိုက်တဲ့ အသုံးစရိတ်တိုင်းကို ဒီခေါင်းစဥ်လေးတွေအောက်မှာ ချရေးမယ်။
လကုန်ပြီဆိုတာနဲ့ စာရင်းပေါင်းကြည့်ပြီး ကုန်ကျစရိတ်တွေကို နှိုင်းယှဥ်မယ်။ ဘယ်နေရာမှာ ပိုသုံးမိတယ်၊ ဘယ်နေရာတွေကတော့ လျှော့သင့်တယ်ဆိုတာ လေ့လာမယ်။
စုငွေကိုတော့ လတစ်လရဲ့ ဝင်ငွေအပေါ်မူတည်ပြီးတော့ စုမယ်။
ဒီလိုလေးတော့ ပလန်ချထားတယ်။ အခုလို ကိုဗစ်ကာလမှာ ရပ်တည်ရတာတောင်ခက်ခဲနေတာ စုဖို့က တော်တော်လေးတော့ မလွယ်ပါဘူး။ ဒါပေမယ့် လုပ်လို့ရတဲ့ အလုပ်လေးတွေ အကုန်လုပ်ပြီး ပိုက်ဆံကို ချွေတာစုနိုင်မှ ၂၀၂၁ နှစ်ကုန်လောက်မှာ အိမ်လေးဝယ်နိုင်မယ်လေ။ ငွေကြေး အခြေအနေကိုကြည့်ပြီးတော့ အရစ်ကျနဲ့ ဝယ်မလား၊ လက်ငင်းဝယ်နိုင်မလားဆိုတာတော့ နောက်နှစ် ဒီလိုအချိန်မှာ စဥ်းစား ဆုံးဖြတ်မယ်။
ကဲ ဖူးဖူးရဲ့ နှစ်သစ်ပလန်ကတော့ ဒါပါပဲ။
သူငယ်ချင်းတို့ရဲ့ နှစ်သစ်ပလန်ကရော ဘာများဖြစ်မလဲ?