- Pite Pite
သတင်းအမှား သတိထား ‼️‼️
Updated: May 10, 2021

ယနေ့ခေတ်မှာ အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ သတင်းတွေ လွယ်လွယ်ကူကူ သိရှိနိုင်သော်လည်း သတင်းအတုအယောင်တွေ များပြားလာပါတယ်။
သူငယ်ချင်းတို့အနေနဲ့ သတင်းအတုတွေကို ရှဲလိုက်မိပြီဆိုရင် တခြားသူတွေဆီပါ အဲ့ သတင်းတုတွေက ရောက်သွားပြီး သတင်းအမှားတွေ ပွားသထက်ပွားလာမှာ ဖြစ်ပါတယ်။
အဲကနေတစ်ဆင့် စာဖတ်သူတွေအတွက် သတင်းမှား သတင်းမှန်ခွဲဖို့အတွက် ပိုမိုခက်ခဲလာစေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဖတ်လိုက်တဲ့ သတင်းက အမှန်ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ ပြန်ပြီး မရှဲခင် သေသေချာချာ စဉ်းစားဖို့လိုပါတယ်။
ပိုက်ပိုက်အနေနဲ့လည်း သူငယ်ချင်းတို့ သတင်းမှား သတင်းမှန် ခွဲခြားတဲ့အခါ အသုံး၀င်မယ့် အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။
သတင်းရင်းမြစ်ကို သေချာဆန်းစစ်ပါ။
ကိုယ်ဖတ်လိုက်တဲ့သတင်းက ယုံကြည်စိတ်ချရသော၊ နာမည်ရထားသော သတင်းဌာနက ထုတ်ပြန်တာ ဟုတ် မဟုတ် သေချာ လေ့လာပါ။ ကိုယ်နှင့် သိပ်မရင်းနှီးသော သတင်းအဖွဲ့အစည်းဖြစ်ပါက ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့စ် မှာ အဖွဲ့အစည်းအကြောင်းအရာကို သွားရောက် စစ်ဆေးကြည့်ပါ။
စာပုံစံကို လေ့လာပါ။
သတင်းအမှားတွေမှာ ခေါင်းစီး၊ ဖောင့်၊ စာပုံစံတွေ အစီအစဉ်မကျ ဖြစ်နေတတ်ပါတယ်။ ထိုအချက်များကို ဂရုတစိုက် စစ်ဆေးကြည့်ပါ။
စာအရေးအသားကို ဂရုတစိုက် ဆန်းစစ်ပါ။
သတင်းအမှားတွေမှာ စာလုံးပေါင်း အမှား၊ စာအသွားအလာ ဆီလျော်မှု မရှိတာတွေ ရှိတတ်ပါတယ်။ သတင်းဖတ်တဲ့ အခါ ထိုအချက်တွေကို အလေးပေးကြည့်ပါ။
ရက်စွဲကို သေချာစစ်ပါ။
သတင်းတွေ ဖတ်တဲ့အခါတွေမှာ ရက်စွဲ၊ အချိန်၊ ကာလအပိုင်းအခြား မှန် မမှန် လေ့လာဆန်းစစ်ပါ။ မှားယွင်းချက်ရှိပါက သတင်းအမှား ဖြစ်နိုင်ချေများပါတယ်။
အထောက်အထား ခိုင်လုံမှု ရှိ မရှိ စစ်ဆေးပါ။
သတင်းဖတ်တဲ့အခါ စာရေးသူရဲ့ကိုးကားချက်များကို သွားစစ်ကြည့်ပါ။ သက်သေအထောက်အထား မရှိသော၊ ယုံကြည်စိတ်ချရသော ကိုးကားချက်များမရှိပါက သတင်းအမှားဖြစ်ရန် အလားအလာ ပိုများပါတယ်။
ဒါကြောင့်မို့ ပိုက်ပိုက်ရဲ့ သူငယ်ချင်းတို့လည်း သတင်းဖတ်တဲ့အခါ အပေါ်က အချက်လေးတွေကို ဂရုတစိုက် ကြည့်ပြီး သတင်းမှား သတင်းမှန် ခွဲခြားနိုင်ပါစေနော်။