- Pite Pite
မယ်ကြွားရဲ့ဇာတ်သိမ်း
Updated: May 10, 2021

သူငယ်ချင်းတို့ရေ ဒီနေ့တော့ ပိုက်ပိုက်တို့ အိမ်နားက မယ်ကြွားအကြောင်းလေး ပြောပြချင်တယ်။ 📣
မယ်ကြွားဆိုတာ သူ့နာမည်အရင်းတော့ မဟုတ်ပါဘူး။ ကြွားကြွားဝါဝါ နေတတ်လွန်းလို့ "မယ်ကြွား"လို့ နာမည်တွင်နေတာပါ။
မယ်ကြွားက ကုမ္ပဏီဝန်ထမ်းမလေးပေါ့။ သာမန်ကုမ္ပဏီဝန်ထမ်းဆိုတော့ လစာမကောင်းရှာပါဘူး။
မယ်ကြွားတို့မှာ မိသားစု သုံးယောက်ရှိတယ်။ သူ့အဖေက စက်ရုံမှာ လုံခြုံရေးလုပ်တယ်။ သူ့အမေကတော့ အိမ်ရှင်မပေါ့။
မယ်ကြွားတို့က အိမ်ငှားနေကြရတာ။
ဒါပေမယ့် ရုံးမှာဆိုရင်တော့ မယ်ကြွားကို သူဌေးလို့ပဲ လူတွေသိထားကြတာ။ သူဌေးလို့ လူတွေထင်လာ၊ မြင်လာအောင်လည်း မယ်ကြွားတို့က နေတယ်လေ။ အကောင်းစား အဝတ်တွေဝတ်တယ်၊ အကောင်းစား အစားအသောက်တွေ စားတယ်။ သူရတဲ့လစာနဲ့သူ့အသုံးစရိတ်က မလောက်လို့ အိမ်ကတောင် ပြန်တောင်းရတယ်။ 🙄🙄🙄
ဒါပေမယ့် မယ်ကြွားကတော့ ကြွားကြွားဝါဝါ နေရတဲ့ ဘဝမှာပျော်တယ်။ မိဘဆုံးမတာတွေလည်း နားမဝင်ပါဘူး။ 🙄🙄🙄
တစ်နေ့တော့ မယ်ကြွားတစ်ယောက် အိုင်ဖုန်းကိုင်ချင်တဲ့ ရောဂါ စလာပါတော့တယ်။ အိုင်ဖုန်းက မယ်ကြွားရဲ့လစာ လေးငါးလစာပေါင်းမှ ရနိုင်မှာ။ ဒါပေမယ့် ရုံးမှာ အိုင်ဖုန်း ကိုင်နိုင်ကြောင်း ကြွားချင်တယ်။ ဒါကြောင့် ပိုက်ဆံချေးပြီး ဝယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အတိုးတော့ များတာပေါ့။ ဒါပေမယ့် ကိုယ်က လိုနေတာဆိုတော့လည်း ယူလိုက်တယ်။
ဒီလိုနဲ့ မယ်ကြွား အိုင်ဖုန်းကိုင်နိုင်ပါပြီ။ 😑
ဒါပေမယ့် လတိုင်း အတိုးဆပ်နေရတာနဲ့ မယ်ကြွား အရင်လို စားနိုင်သောက်နိုင် အခြေအနေတော့ မဟုတ်တော့ဘူး။ ရုတ်တရက်ကြီး ကိုဗစ်က ထဖြစ်လာတော့ မယ်ကြွားတို့ အလုပ်တွေ နားလိုက်၊ ပြန်ဆင်းရလိုက်ဖြစ်ရော။ လစာလည်းအပြည့်မရဘူး။ 😯
အကြွေးတွေယူထားပြီးမှ လစာလည်း အပြည့်မရတော့ မယ်ကြွား ခေါင်းခဲရပြီလေ။ ဝယ်ထားတဲ့ အိုင်ဖုန်းကလည်း ဘာဝင်ငွေမှ ရအောင် မလုပ်ပေးနိုင်ဘူး။
အကြွေးရှင်ကလည်း ဖုန်းတဂွမ်ဂွမ်နဲ့ အကြွေးတောင်းနေပြီ။ ကိုဗစ်ကာလဆိုတော့ တခြား ဝင်ငွေရနိုင်မယ့် အလုပ်လည်း လုပ်လို့မရပြန်ဘူး။ 😥
အခုတော့ မယ်ကြွားတစ်ယောက် သူဝယ်ခဲ့ သုံးခဲ့တဲ့ အကောင်းစား အသုံးအဆောင်တွေ၊ ပစ္စည်းတွေကို ပြန်တွေးကြည့်ရင်း နောင်တ အကြီးအကျယ်ရနေခဲ့ပါပြီ။ 😔
ပိုက်ဆံရနေတုန်းက ရသမျှကို မစုဆောင်းဘဲ စိတ်အလိုလိုက် သုံးဖြုန်းနေခဲ့တဲ့အပြင် ကိုယ်ရတဲ့ လစာထက်ပိုတဲ့ အကြွေးတွေ ယူခဲ့မိတယ်။ 😔
အခုတော့ မယ်ကြွားတစ်ယောက် ဘာကိုမှ မကြွားနိုင်တော့ပါဘူး။ သူ့အမေနဲ့ နှစ်ယောက် မုန့်ဟင်းခါးလေးရောင်းရင်း အပိုဝင်ငွေ ရှာရပါတော့တယ်။
ရတဲ့လစာတွေ အကုန် အကြွေးပေးရတယ်။ 😥
ကဲ . . . ကြွားကြွားဝါဝါ နေချင်လွန်းတဲ့ မယ်ကြွားကတော့ ဇာတ်သိမ်းမလှခဲ့ပါဘူး။ 😥😥
မယ်ကြွားကတော့ ပြောပါတယ်
"ကိုယ်ရတာထက် ပိုမသုံးကြပါနဲ့တဲ့"