- Pite Pite
အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း ဘာလို့ပေါ်လာတာလဲ?
Updated: May 10, 2021

ဖူးဖူး - ပိုက်ပိုက်ရေ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းတွေ မြို့နယ်တော်တော်များများမှာ ရှိကြတယ်လို့ကြားဖူးတယ်။ အဲ့ဒီ အသေးစား ငွေရေးကြေးရေးအဖွဲ့ အစည်းတွေဆိုတာ ဘာကိုပြောတာလဲ သေချာလေး ရှင်းပြပေးပါလား။
ပိုက်ပိုက် - အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (MFI - Micro Finance Institution) ဆိုတာ အခြေခံလူတန်းစားတွေ ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့နဲ့ သူတို့ရဲ့ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားဖို့ မတည်ငွေ၊ လှူဒါန်းငွေနဲ့ ထောက်ပံ့ငွေတွေထည့်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ယူပြီးတော့ လုပ်တဲ့အဖွဲ့အစည်းတွေကို ပြောတာပါ။
ဖူးဖူး - ဒါဆိုရင် ဒီလိုအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ပိုက်ပိုက် - သိပ်ကောင်းတဲ့ မေးခွန်းပဲ ဖူးဖူးရေ။
ရည်ရွယ်ချက်တွေက
(၁) အခြေခံလူတန်းစားတွေ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့
(၂) အခြေခံလူတန်းစားတွေရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး အခြေအနေတွေ ဖွံ့ဖြိုးတိုးတက်ဖို့
(၃) အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့
(၄) ချွေတာစုဆောင်းတဲ့ အလေ့အထ ဖန်တီးပေးဖို့
(၅) အသေးစားစီးပွားရေးလုပ်ငန်းသစ်တွေ ပေါ်လာစေဖို့
(၆) အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေ ဖန်တီးပေးဖို့နဲ့ချဲ့ထွင်ပေးဖို့
(၇) စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအပြင် အခြားဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေနဲ့ အခြေခံ လူတန်းစားတွေကို ကူညီပေးဖို့
(၈) ပြည်တွင်းပြည်ပက နည်းပညာတွေ ရယူဖြန့်ဖြူးပေးဖို့
စတာတွေပေါ့။
ဖူးဖူး - ရည်ရွယ်ချက်ကောင်းတွေနဲ့ ဖွဲ့စည်းထားတာပဲနော်။ ဖူးဖူးကတော့ လုပ်ငန်းသစ်လေး တိုးချဲ့ဖို့အတွက် ဘယ်လိုချေးငွေတွေရမလဲဆိုတာ တရားဝင် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် မေးမြန်းကြည့်တော့မယ်။
ပိုက်ပိုက် - ဒါဆိုရင်တော့ ပိုက်ပိုက်ချက်ဘော့လေးကနေ ကိုယ့်အနီးအနားမှာ တရားဝင် ငွေကြေးအဖွဲ့အစည်းတွေ ရှိလားဆိုတာ ရှာကြည့်လိုက်နော်။
ကိုးကား : mopfi.gov.mm