• Pite Pite

အရေးပေါ်စုငွေထားပြီးပြီလား?

Updated: May 10


အခုဆိုရင် ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်ပြီး အလုပ်နားရတဲ့လူတွေ၊ အလုပ် မရှိတော့တဲ့လူတွေ တဖြည်းဖြည်း များလာပါတယ်။ ဒီ ရောဂါကပ်ကြီး ဘယ်တော့ ပြီးမလဲဆိုတာ ကြို မှန်းလို့ မရတဲ့ အခြေအနေ၊ စီးပွားရှာဖို့ခက်တဲ့ အခြေအနေမျိုးမှာ ကိုယ့်လက်ထဲ ကြိုတင်ငွေစုဆောင်းထားတာ မရှိဘူးဆိုရင်တော့ ခေါင်းကိုက်ရပြီပေါ့။ အထူးသဖြင့် ကိုယ့် ဝင်ငွေတစ်ခုတည်းနဲ့ မိသားစုကို ပံ့ပိုးနေရတဲ့သူတွေ၊ နေ့စား ဘဝသမားတွေအတွက်ဆိုရင်တော့ ဒီအချိန်မှာ ငွေကြေးအရ တောင့်ခံနိုင်ဖို့ အများကြီး ရုန်းကန်နေရမှာပါ။


🔷"အရေးပေါ် စုငွေ" ဆိုတာ.. 🔷

========================

"အရေးပေါ် စုငွေ" ဆိုတာကို အရင်ကတည်းက ကြားဖူးကြမှာပါ။ ဒါပေမယ့် ကိုယ်က အကြောင်းကြောင်းကြောင့် မစုဖြစ်ခဲ့ဘူး။ အခု ကိုဗစ်လိုမျိုး မထင်မှတ်တဲ့ အရေးပေါ် အခြေအနေဖြစ်တဲ့အချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်တယ်။ ဒါပေမယ့် အပြင်မှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် ကိုယ် ကြိုးစားသလောက် အရာမရောက်ဘူးဆိုရင် စိတ်ဓာတ်ကျမိတာလည်း လူ့သဘာဝပါပဲ။ ဒီအချိန်မှာ အရင်ကတည်းက စုဖြစ်ခဲ့ရင် အကောင်းသားဆိုတဲ့ အတွေးဝင်ပြီး စိတ်သောက ရောက်နေတာထက်စာရင် အခုအချိန်ကစပြီး အရေးပေါ်စုငွေ ဘယ်လို စလုပ်မလဲဆိုတာကို စဉ်းစားကြည့်သင့်ပါတယ်။


🔷 အရေးကြီးတဲ့ အရေးပေါ် စုငွေ 🔷

===========================

အရေးပေါ်စုငွေဆိုတာ ကိုဗစ်လိုမျိုး မှန်းဆမထားတဲ့ အရေးပေါ် အခြေအနေတွေကြောင့် ဝင်ငွေ လျော့သွားတာတွေ ဖြစ်လာရင် ကိုယ့်အတွက် အထောက်အကူ ဖြစ်နိုင်တဲ့ စုငွေပါ။ ဝင်ငွေ ထိခိုက်ပြီး မသေချာတဲ့ အနာဂတ်အတွက် စိတ်သောက ဗျာပါရတွေ များနေတဲ့ အချိန်မှာ အချိန်အတိုင်းအတာတစ်ခုထိ တောင့်ခံနိုင်တဲ့ ငွေကြေးအင်အားလေး ကိုယ့်မှာ ရှိသေးတယ်ဆိုရင် ခဏတော့ စိတ်အေးရတာပေါ့။


ငွေကြေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေကတော့ အရေးပေါ်စုငွေ စုမယ်ဆိုရင် အနည်းဆုံး ၃ လကနေ ၆ လ အထိ ကာမိအောင် စုဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် ကိုယ်က ၃-၄ ရက်စာ၊ ၁ ပတ် ၂ ပတ် စာလောက်ပဲ ကာမိတဲ့ ငွေပမာဏပဲ ရှိတယ်ဆိုရင်လည်း ဒါဟာ အစကောင်း တစ်ခုပဲလို့ စဉ်းစားစေချင်ပါတယ်။


🔷 အရေးပေါ်စုငွေ ဘယ်ကနေ စစုမလဲ 🔷

===========================


ကိုဗစ်ကြောင့် ဝင်ငွေတွေ နည်းသွားတာ လူတိုင်းလိုလိုပါပဲ။ ဝင်ငွေ နည်းသွားရင် ပိုပြီး ချွေတာရတော့မယ်။ ဘယ်နေရာမှာ ဘယ်လို လျှော့သုံးလို့ရမလဲဆိုတာ စဉ်းစားပြီး ငွေ တစ်ရာ ဖြစ်စေ၊ တစ်ထောင်ဖြစ်စေ အဲဒီ့ကနေ ထွက်လာတဲ့ ပိုက်ဆံကို အရေးပေါ်စုငွေအတွက် စပြီး စုပါ။ ထမင်းဟင်း ချက်တာကအစ ဖုန်းသုံးတာ၊ လျှပ်စစ်မီး သုံးတာအဆုံး အလေအလွင့် မရှိအောင် ကြိုးစားကြည့်ပါ။


ချွေတာရုံတင်မကဘူး။ ရှိတဲ့ ပိုက်ဆံကို စီမံခန့်ခွဲတတ်ဖို့လည်း လိုပါသေးတယ်။ လိုချင်တာတွေကို ဒီအချိန်မှာ ခဏလောက် မေ့ထားပြီး ကိုယ့် ရှိတဲ့ ပိုက်ဆံနဲ့ တကယ် လိုအပ်နေတာတွေ (ဥပမာ - ထမင်းဖိုး၊ မီတာခ၊ ဖုန်းဘေလ်) အတွက် အတတ်နိုင်ဆုံး ဘယ်လောက် အချိန်အတိုင်းအတာထိ ကာနိုင်လဲ၊ တောင့်ခံနိုင်လဲဆိုတာကို ဘတ်ဂျက် သေချာ တွက်ကြည့်ပြီး စီမံပါ။ ကိုယ့် မိသားစုနဲ့လည်း တိုင်ပင်ပါ။ ဆွေးနွေးပါ။ အစိုးရ၊ ရပ်ရွာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေကနေရော ဘယ်လို ငွေကြေးအထောက်အပံ့တွေ ပေးနေလဲဆိုတာကို မျက်ခြည်မပြတ် လေ့လာပါ။ ပတ်ဝန်းကျင်မှာ မေးမြန်းပါ။


ဘာပဲပြောပြော ဒီအချိန်မှာ အရေးကြီးဆုံးက စိတ်ဓာတ်မကျဖို့ပါပဲ။ အရေးပေါ်စုငွေ ကိုယ့်မှာ မရှိသေးရင်လည်း နည်းနည်းချင်းစီ စပြီး စုသွားမယ်ဆိုတဲ့ စိတ်မွေးပါ။ ကိုယ် ကိုဗစ်ကာလကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရမယ်။ ပြီးတော့ နောင်တစ်ချိန် ဒီလို အခြေအနေ ဖြစ်လာရင် ကိုယ် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သိသွားပြီ၊ ကိုယ့်မှာ ခံနိုင်ရည်ရှိသွားပြီလို့ သဘောထားပါ။


အခုကနေ အရေးပေါ်စုငွေကို နည်းနည်းချင်းစီ ဖြစ်ဖြစ် စစုရင်း ငွေကြေးကိစ္စပူပန်မှုတွေ အမြန်ဆုံး ပြေပျောက်ပြီး စိတ်သောက ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါရစေ။ ကျန်းမာရေးလည်း အမြဲ ဂရုစိုက်ကြပါနော်။


#WSD2020 #WSD2020SaveForFutureMyanmar#PitePite#ပိုက်ပိုက်#အရေးပေါ်စုငွေ


ဒီ ပို့စ်လေးကို World Savings Day 2020 အထိမ်းအမှတ်အတွက် ဂျာမန် ကော်ပိုရေးရှင်းနဲ့ Savings Banks Foundation for International Cooperation (SBFIC) တို့မှ ကူညီပံ့ပိုးပေးထားပါတယ်။

20 views