- Pite Pite
ကာကီဘို သို့မဟုတ် မိသားစု ငွေစာရင်းမှတ်တမ်းစာအုပ်လေး 📗
Updated: May 10, 2021

ကာကီဘို (Kakeibo) ဆိုတာက ဂျပန်နာမည်လေးတစ်ခုပါ။
အဓိပ္ပါယ်လေးကတော့ "မိသားစုငွေစာရင်းမှတ်တမ်းစာအုပ်" တဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ဂျပန်မိသားစုတွေ ပိုက်ဆံစုဖို့ အသုံးပြုခဲ့ကြတဲ့ စာအုပ်လေးပေါ့။
ဒါပေမယ့် ဒီစာအုပ်လေးက အခုချိန်အထိ အသုံးဝင်နေဆဲ ငွေစုနည်းတစ်ခုအဖြစ် ရှိနေပါတယ်။
ဂျပန်မိသားစုတွေဟာ သူတို့ရဲ့ မိသားစု ငွေစာရင်း မှတ်တမ်းစာအုပ်လေးထဲမှာ ဒီလိုလေးတွေ မှတ်ထားကြတယ်။
🔹 တစ်လစာ အသုံးစရိတ်
🔹 တစ်လစာ ကုန်ကျစရိတ်
🔹 တစ်လစာ စုငွေနဲ့
🔹 အဲ့ဒီစုငွေပြည့်အောင်စုနိုင်ရမယ်ဆိုတဲ့ ကတိစကားလေးတွေလည်း ထည့်ရေးပါသတဲ့။
နောက်ပြီးတော့ ကုန်ကျစရိတ်နဲ့ပတ်သက်ရင် အမျိုးအစားလေးခုခွဲပြီး မှတ်ထားကြပါသေးတယ်။
➡ လိုအပ်တာ (ကိုယ့်အတွက် လိုအပ်တဲ့အရာတွေအတွက် သုံးတာ)
➡ လိုချင်တာ (ကိုယ်လိုချင်တဲ့ အရာတွေအတွက် သုံးတာ)
➡ ယဥ်ကျေးမှု အနုပညာ အတွက်ကုန်ကျစရိတ် (ဥပမာ ပြဇာတ်ကြည့်တာ၊ ဖျော်ဖြေပွဲကြည့်တာ၊ ရုပ်ရှင်ကြည့်တာတွေအတွက် ကုန်ကျတဲ့ ကုန်ကျစရိတ်ကိုပြောတာပါ)
➡ အပိုကုန်ကျစရိတ် (ဥပမာ-မွေးနေ့လက်ဆောင်ပေးလိုက်ရတာ၊ မထင်မှတ်ဘဲ ကုန်ကျသွားတဲ့ ကုန်ကျစရိတ်တွေပါပါတယ်)
ဒီလိုလေး ကုန်ကျစရိတ်တွေကို ခွဲခြားပြီး မှတ်တမ်းလေးတွေ ရေးမှတ်ထားကြပါတယ်။
လကုန်ချိန်ရောက်တဲ့အချိန်မှာတော့ အောက်ကမေးခွန်းလေးတွေကို အရိုးသားဆုံး ဖြေကြရပါတယ်။
✍ လက်ရှိမှာ ငွေဘယ်လောက်ရှိပြီလဲ
✍ ငွေဘယ်လောက်စုချင်တာလဲ
✍ တကယ်သုံးလိုက်တာ ဘယ်လောက်လဲ
✍ ငွေပိုစုမိအောင် ဘယ်လိုလုပ်မလဲ
သူတို့တွေက စာအုပ်မှာ ဒီလိုမှတ်တမ်းလေးတွေ လတိုင်းရေးကြပါတယ်။
လတိုင်း၊ လတိုင်း ဒီလိုမှတ်တမ်းလေးတွေရေးမှတ်ထားတော့ ပိုက်ဆံတွေ စုမိပါသတဲ့။ ဒါကြောင့်လည်း ဂျပန်တွေရဲ့ အိမ်တိုင်းမှာ မိသားစုငွေစာရင်းမှတ်တမ်းစာအုပ်လေးတွေ ထားကြတာပေါ့။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ဂျပန်အိမ်ထောင်စုတွေသုံးခဲ့တဲ့ မိသားစုငွေစာရင်းမှတ်တမ်းစာအုပ်လေး က ဘယ်လောက်များ ချစ်စရာကောင်းတဲ့ အလေ့အထလေးပါလိမ့်နော်။
အခုခေတ်မှာတော့ ငွေစုမှတ်တမ်းအပလီကေးရှင်းလေးတွေ အများကြီးပေါ်လာကြပြီ။ ဒါပေမယ့် ရှေးခေတ်က သုံးခဲ့တဲ့ ကာကီဘိုနည်းကို အခုချိန်အထိ သုံးနေကြဆဲပဲလို့သိရတယ်။ ဘာလို့လဲဆိုတော့ လက်ရေးနဲ့ မှတ်တမ်းရေးမှတ်တာက ပိုမှတ်မိစေလို့ပါတဲ့။
ကဲ သူငယ်ချင်းတို့ရော ဒီလို မိသားစု ငွေစုမှတ်တမ်းစာအုပ်လေး စမ်းပြီး မလုပ်ချင်ကြဘူးလား။ 💪
ဒီအကြောင်းလေးကို အသေးစိတ်ဖတ်ကြည့်ချင်ရင်တော့ အောက်က လင့်ခ်လေးမှာ ဝင်ဖတ်လို့ရပါတယ်နော်။ 👇