- Pite Pite
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဘဏ်လုပ်ငန်းရှင် "ဦးရဲကျော်သူ"
Updated: May 4, 2021

ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဘဏ်လုပ်ငန်းစလုပ်ခဲ့သူရဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံး ဘဏ်လုပ်ငန်းကို စလုပ်ခဲ့တာက ဦးရဲကျော်သူပါ။ သူကတော့ ၁၈၃၃ ခုနှစ် ဒီဇင်ဘာ (၅) ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီးမှာရှိတဲ့ ပဲတလီဆိုတဲ့ ကျေးရွာမှာ မွေးဖွားခဲ့သူပါ။
စစ်တွေမြို့ကို ပြန်လာပြီး လှေထိုးသားအလုပ်ကို လုပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ တခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်။ အဲဒီ့ခေတ်ကဆိုရင် ရခိုင်ပြည်နယ်မှာ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်။ အောက်ခြေက တက်လာတဲ့သူပီပီ ငွေကြေးမပြည့်စုံသူတွေနဲ့ တောင်သူလယ်သမားတွေအပေါ်မှာ နိုင်ငံခြားကုမ္ပဏီတွေကနေ ဈေးနှိမ်တာမျိုးမခံရအောင်လည်း စာနာစိတ်အပြည့်နဲ့ ဈေးပိုပေးပြီး ကူညီပေးခဲ့ပါတယ်။
စစ်တွေမြို့မှာ ဖွင့်ထားတဲ့ "ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက်" လုပ်ငန်းဟာဆိုရင် အပ်ငွေ၊ ချေးငွေနဲ့ အပေါင်ပစ္စည်းများလက်ခံပြီး ငွေချေးပေးတာတွေ လုပ်ကိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ဦးရဲကျော်သူကို ပထမဦးဆုံး ဘဏ်လုပ်ငန်းရှင်ဆိုပြီး သတ်မှတ်ကြတာပါ။
ဦးရဲကျော်သူရဲ့ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းတွေကြောင့် အိန္ဒိယအစိုးရက ချီးမြှင့်တဲ့ သူဌေးဘွဲ့နဲ့ ကျက်သရေဆောင် ရွှေစလွယ်တံဆိပ်တွေကိုလည်း ရရှိခဲ့ပါတယ်။ အဲဒီ့အပြင် ဗြိတိသျှ မြန်မာပြည် ကော်မရှင်ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင်လည်းဖြစ်ခဲ့ပါတယ်။
သူကွယ်လွန်ပြီးနောက်မှာ သားဖြစ်သူတစ်ဦးက ဆက်ပြီး ဘဏ်လုပ်ငန်းတွေကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။
မောင်ဇေယျာ ရေးသားသော မြန်မာလူကျော် ၁၀၀ (ပထမအုပ်) မှ-