- Pite Pite
ဂျပန်အိမ်ရှင်မတွေငွေစုနည်း
Updated: May 10, 2021

သူငယ်ချင်းတို့ရေ နေကောင်းကြတယ်နော်။ ပိုက်ပိုက်သူငယ်ချင်း အိမ်ရှင်မတွေအတွက်
အသုံးဝင်စေမယ့် ဂျပန်နိုင်ငံက အိမ်ရှင်မတွေရဲ့ ငွေစုနည်းလေးတွေကို ပြောပြချင်ပါတယ်။
လူတိုင်းကတော့ ပိုက်ဆံစုတတ်ကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စုပုံစုနည်းချင်းတွေတော့ မတူကြဘူးပေါ့။ အခု ဂျပန်နိုင်ငံက အိမ်ရှင်မတွေ ပိုက်ဆံစုကြတဲ့ နည်းကို ဗဟုသုတအနေနဲ့ ပြောပြမယ်နော်။
ဂျပန်နိုင်ငံရဲ့အိမ်ထောင်စု အများစုဟာ အလယ်အလတ်ဝင်ငွေရှိကြပြီး အများအားဖြင့် အိမ်ထောင်ဦးစီးယောက်ျားတွေက ဝန်ထမ်းတွေဖြစ်ကြတယ်။
သူတို့က လစာမများတဲ့အပြင် နေထိုင်စရိတ်လည်း ကြီးတာကြောင့် အိမ်ရှင်မတွေအနေနဲ့ အသုံးစရိတ်ကိုချွေတာပြီး ငွေကြေးစုဆောင်းတဲ့ အလေ့အကျင့်ကို ပြုလုပ်လေ့ရှိတယ်။ သူတို့ စုလေ့ရှိတဲ့ ပုံစံလေးတွေကတော့ . . . .
📌 ဂျပန်က အိမ်ရှင်မတွေ ငွေစုတဲ့အခါမှာ ခေါင်းစဉ်ခွဲပြီးစုလေ့ရှိတယ်။
(ဥပမာ -ခရီးသွားဖို့၊ အိမ်ပြင်ဖို့ စသဖြင့် ခေါင်းစဉ်ခွဲစုလေ့ရှိကြတယ်။)
📌 ပြန်အမ်းငွေ အကြွေတွေကိုလည်း တန်ဖိုးထားစုလေ့ရှိကြတယ်။
ဘာလို့လဲဆိုတော့ အကြွေတွေကို စုထားရင် သတိမထားလိုက်ခင်မှာပဲ ငွေပမာဏများများကို ရလေ့ရှိပါတယ်တဲ့။
📌 ပြီးတော့ ပစ္စည်းတစ်ခုခုမဝယ်ခင်မှာ ဆိုင်သုံးလေးဆိုင်ရဲ့ ပစ္စည်းဈေးနှုန်းကို
ယှဉ်ကြည့်ပြီးမှ စျေးမှန်တဲ့ဆိုင်မှာ ဝယ်ကြပါတယ်။
📌 ဈေးဝယ်တဲ့အခါမှာဆိုရင်လည်း အိမ်ကနေ ကြိုတင်စာရင်းလုပ်လာပြီးတော့ အဲ့ဒီစာရင်းမှာပါတာကိုပဲ ဝယ်ပြီး၊ မြန်မြန် ပြန်ထွက်ကြပါတယ်။
ဘာလို့ ဒီလိုလုပ်ကြတာလဲဆိုတော့ ဆိုင်ထဲမှာ လျှောက်ပတ်ကြည့်နေရင် မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်မိရာက ပိုက်ဆံတွေ အပိုကုန်နေမှာစိုးလို့ပါ။
📌 ပြီးတော့ လျှပ်စစ်မီးသိပ်အများကြီး သုံးစရာမလိုတဲ့ အသုံးအဆောင် ပစ္စည်းတွေကိုပဲ ဝယ်သုံးကြပါတယ်။
📌 လျှော့ဈေးပေးတဲ့သတင်းကို အမြဲစောင့်ကြည့်တတ်တဲ့ အကျင့်တွေရှိပါတယ်။
ကဲ . . . ဂျပန်အိမ်ရှင်မတွေ ငွေကို ဘယ်လို ချွေတာသုံးစွဲကြသလဲဆိုတာ သိပြီးပြီဆိုတော့ ပိုက်ပိုက်တို့ရဲ့ အိမ်ရှင်မတွေကရော ငွေဘယ်လိုချွေတာကြလဲ ဆိုတာဝေမျှပေးသွားပါဦးနော်။