- Pite Pite
ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဘီလျံနာ
Updated: May 4, 2021

"ဂိမ်းအလွန်အကျွံဆော့ပြီး အထက်တန်းကျောင်းကနေထွက်ခဲ့ရတဲ့ဘဝမှ ထိုင်းနိုင်ငံရဲ့အသက်အငယ်ဆုံးဘီလျံနာအဖြစ် တက်လှမ်းနိုင်ခဲ့တဲ့ သူဌေးလေးရေညှိ (Tao Kae Noi) လုပ်ငန်းပိုင်ရှင် Itthipat Peeradechapan ရဲ့ အောင်မြင်မှုခရီးကြမ်းအကြောင်း ပြောပြပေးမယ်နော်"
အနံ့မွှေးမွှေး ကြွပ်ကြွပ်ရွရွနဲ့စားလို့ကောင်းတဲ့ သူဌေးလေးအရုပ်ပုံစံတံဆိပ်နဲ့ရေညှိကို အားလုံးနှစ်ခြိုက်ကြမယ်ထင်ပါတယ်။
ဒီရေညှိလုပ်ငန်းပဲ့ကိုင်ရှင်လူငယ်လေးရဲ့ မိဘနှစ်ပါးက ကုမ္ပဏီပိုင်ရှင်တွေပဲဖြစ်ပါတယ်။ သူဌေးသားဆိုတော့ online game တွေ တစ်ချိန်လုံးဆော့ပြီး ဂိမ်းထဲမှာရလာတဲ့ ပစ္စည်းတွေကို ပြန်ရောင်းရင်းပိုက်ဆံရှာခဲ့ပါတယ်။ အတန်းတွေပျက်၊ စာတွေမလိုက်နိုင်တော့ အထက်တန်းမှာ ကျောင်းထွက်ခဲ့ရပါတယ်။
သူ အသက် (၁၇) နှစ်အရွယ်မှာတော့ သူ့ဖခင်ရဲ့ကုမ္ပဏီ ဒေဝါလီခံခဲ့ရပြီး ပေါင်ထားတဲ့နေအိမ်ကိုလည်း အတိုးမဆပ်နိုင်လို့ ဘဏ်ကိုထိုးအပ်ခဲ့ရတယ်။ သူ့မိဘနှစ်ပါးလည်း အကြွေးတွေပြန်မဆပ်နိုင်လို့ တရုတ်ပြည်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ သူက သစ်အယ်သီးလှော်တဲ့လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပြီး မြို့အနှံ့ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့ပါတယ်။ သူအသက် ၁၉ နှစ်အရွယ်မှာ သူ့သူငယ်ချင်းတစ်ယောက် နယ်မြို့တစ်မြို့ကနေ လက်ဆောင်ဝယ်လာတဲ့ရေညှိချပ်မုန့်ကို စားမိတယ်။ အဲ့ဒီအခါမှာ သစ်အယ်သီးလှော်တစ်ခုထဲရောင်းနေလို့ မကြီးပွားဘူး ပြိုင်ဘက်ကလည်းများလာတယ်ဆိုတာ တွေးမိပြီး ရေညှိပါတွဲရောင်းဖို့ စဉ်းစားခဲ့တယ်။
ကိုယ်တိုင်ရေညှိအရွက်ကြမ်းတွေဝယ်ပြီး ကြွပ်ကြွပ်ရွရွဖြစ်အောင် ကြိုးစားကြော်ပြီး Shopping Mall တွေမှာ စရောင်းခဲ့တယ်။ ဒါပေမယ့် သူရောင်းရတဲ့အမြတ်က သူ့ဖခင်ရဲ့အကြွေးတွေအကုန်ကြေလောက်အောင် မများသေးဘူး။ ဘတ်သန်း ၇၀ လောက်ရှိနေတဲ့ မိသားစုအကြွေးတွေအတွက် ရေညှိထုပ်တွေ ဘယ်လိုပိုရောင်းရအောင်လုပ်မလဲဆိုတာ နည်းလမ်းရှာခဲ့တယ်။ ထိုင်းနိုင်ငံရဲ့ နေရာတိုင်းမှာရှိတဲ့ 7-Eleven စတိုးဆိုင်တွေမှာ တင်ရောင်းနိုင်အောင် ကြိုးစားခဲ့တယ်။ ( 7-Eleven ဆိုင်ဆိုတာက ဒီနိုင်ငံမှာရှိတဲ့ ABC တို့၊ Grab & Go တို့လို စတိုးဆိုင်ပါ )
7-Eleven စတိုးဆိုင်တွေက သူ့ရဲ့ရေညှိထုပ်တွေကိုတင်ရောင်းဖို့ လက်မခံခဲ့ပါဘူး။ စိတ်ဓာတ်မကျဘဲ ရေညှိထုပ်ဒီဇိုင်းကို အကြည်ရောင်မဟုတ်ပဲ အမြင်လှအောင်ပြန်ပြင်၊ ပြီးရင် အထုပ်ကြီးမဟုတ်ပဲ တစ်ခါစားအထုပ်လေးပုံစံပြန်ပြောင်းပြီး ထပ်ကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ 7-Eleven ဆိုင်တွေက သူ့ရဲ့ရေညှိကိုဖြန့်ချီဖို့သဘောတူခဲ့ပါတယ်။ နှစ်နှစ်အကြာမှာ သူ့အဖေရဲ့အကြွေးတွေအားလုံးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့ရဲ့အသက်က (၂၂) နှစ်ပဲရှိပါသေးတယ်။ ယခုအခါမှာတော့ Itthipat Peeradechapan က Forbes ကထုတ်ပြန်တဲ့ ထိုင်းနိုင်ငံရဲ့အချမ်းသာဆုံး အယောက် (၅၀) စာရင်းထဲမှာ အသက်ငယ်ငယ်နဲ့ နေရာယူထားလို့နေပါတယ်။
Itthipat Peeradechapan ရဲ့ မိဘစီးပွားပျက်သွားချိန်မှာတောင် စိတ်ဓာတ်မကျဘဲ ကိုယ့်အားကိုယ်ကိုးပြီး အခက်အခဲတွေကိုရအောင် ရုန်းထွက်နိုင်တဲ့စိတ်၊ စားသုံးသူတွေဆီကို သူ့ရဲ့ထုတ်ကုန်တွေအရောက်ပို့မယ်ဆိုတဲ့စိတ်တွေက အသေးစားလုပ်ငန်းလေးတစ်ခုကနေ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာစေခဲ့ပါတယ်။
သူ့ရဲ့အကြောင်းကို "The Billionaire" ဆိုတဲ့ နံမည်နဲ့ ရုပ်ရှင်ရိုက်ထားတာမို့ စိတ်ဝင်စားတယ်ဆို ရှာပြီးကြည့်လို့ရပါတယ်နော်။